စာစီစာကုံး​ရေးသားနည်း

မန်မာစာစီစာကုံး ရေးသားနည်း (Essay Writing)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာစာပေလောကတွင် ကဗျာလင်္ကာ၊ စကားပြေနှင့် လင်္ကာစကားပြေနှစ်ထွေရောရာဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် မြန်မာစကားပြေရေးရာ၌ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ သမိုင်း၊ ဝတ္ထု၊ ဓမ္မသတ်၊ လျှောက်ထုံး တရားစာ၊ မော်ကွန်းစာ၊ ဆောင်းပါးစာ၊ မှတ်တမ်း၊ အမိန့်တော်ပြန်တမ်း၊ အတ္ထုပ္ပတ္တိစာတမ်း စသည်ဖြင့် တွေ့ရှိရသော်လည်း “စာစီစာကုံး” ဟူ၍ သိရှိကြသော “အစမ်းစာ” များသည်ကား နောက်ခေတ်မှ ပေါ်ပေါက်လာသော မြန်မာစကားပြေတစ်မျိုး ဖြစ်ပေသည်။
ဤစာစီစာကုံးသည် အင်္ဂလိပ်ဘာသာဖြင့် “အက်ဆေး” ဟုခေါ်သဖြင့် ဆရာတက်တိုးက မြန်မာစာပေတွင် မရှိသော စာတစ်မျိုးဖြစ်ခြင်းကြောင့် တိုက်ရိုက်ဘာသာပြန်ဆိုကာ “အက်ဆေး” ဟုခေါ်ရန် နှစ်ခြိုက်သည်။
မန္တလေးမြို့၊ လှခင်အင်ဆန်းပိုင်ရှင် ဆရာကြီးဦးပန်းရည်ကမူကား အစမ်းစာဟူ၍ မှည့်ခေါ်ထားလေသည်။ ယခုအခါ အချို့က “စာကွန့်” ဟုခေါ်ကြပြန်သည်။
မည်သို့ပင် အမည်ပေးကြစေကာမူ မြန်မာစာပေလောကတခွင် ကျောင်းများနှင့် တက္ကသိုလ်များတွင် “စာစီစာကုံး” ဟူ၍သာလျှင် ခေါ်ဝေါ်ရေးသားလျက်ရှိလေသည်။
သို့ကြောင့် ဝေါဟာရအားဖြင့် အက်ဆေး အစမ်းစာ စာစီစာကုံး ဟူ၍ အမျိုးမျိုးရှိငြားသော်လည်း ရေးပုံရေးနည်း စာဟန်များသည်ကား မြန်မာစာပေလောက၌ သစ်ဆန်းလျှက် ရေးနည်းတမျိုးဖြစ်ကြောင်း ယခုအခါ အများနားလည် သိရှိကြပြီး ဖြစ်ပေသည်။

ကျောင်းတွင်းသင်္ခဏ်းစာ
▄▄▄▄▄▄▄▄▄▄▄▄▄▄
“အက်ဆေး” ခေါ် “စာစီစာကုံး” သည် တနည်းအားဖြင့်ဆိုသော် “အနုစာပေ” ၌ သက်ဝင်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဂရိတ်ပညာရှင် အဲရစ်(စ)တောတယ် (Aristotle) ၏ မိန့်ဆိုသည့် စကားရပ်တွင် “အနုပညာ၏ လုပ်ငန်းတစ်ခုသည် စ-လယ်-ဆုံး သုံးပါးလုံးနှင့် ညီညွတ်ရမည်” ဟူ၍ တွေ့ရှိရသည်နှင့် အညီ“အက်ဆေး”ခေါ် စာစီစာကုံး ရေးလိုပါက “စ-လယ်-ဆုံး သုံးပါးလုံး ညီညွတ်ဖြင့် ညီညွတ်စာရေးသားရမည့်အကြောင်း အေသင်တက္ကသိုလ် အင်္ဂလိပ်စာပေ ပါမောက္ခ ဘားနဒ်ဘသက်စတုန်း က စာစီစာကုံးရေးသားနည်း စာအုပ်တစ်အုပ်တွင် ရေးသားထားလေသည်။
ဤ “အက်ဆေး” ခေါ် ဝေါဟာရ၏ အင်္ဂလိပ်ဘာသာအရ အဓိပ္ပါယ်အဖွင့်မှာ “စကားပြေဖြင့် အကြောင်းအရာ တခုကို မကျယ်လွန်းဘဲ ခပ်ကျဉ်းကျဉ်းနှုန်းဖွဲ့ စီကုံးသောစာပေ” ဟူ၍ ဖြစ်သည်။ ယင်းသို့ ရေးသားသောစာပေတွင် ရေးသားသောအကြောင်းအရာ၌ မိမိ၏ ကိုယ်ပိုင်အတွေးအခေါ် ယူဆချက်များကို ဖော်ထုတ်ရေးသားနိုင်ပေသည်။ ထိုမှတပါး အကြောင်းအရာနှင့်ဆိုင်ရာ အခြေအနေ သဘောတရားများ အသေးစိတ်ဖွဲ့နွဲ့စီကုံးရန်များနှင့် သရုပ်ဖော်ဖွဲ့နွဲ့သော စာများသည် ဤ စာစီစာကုံး၌ အကျုံးဝင်လေသည်။
“အက်ဆေး” ဟူသော ဝေါဟာရကို ကြိယာအဖြစ် (To essay) သုံးသောအခါတွင် (To attempt, to try) လုံ့လပြုသည်၊ ကြိုးစားအားထုတ်သည် ဟူ၍ အဓိပ္ပါယ်ရလေသည်။ ကျောင်းများတွင် ရေးသော “အက်ဆေး” သည် လုံ့လပြုမှု၊ ကြိုးစားမှုပြု၍ မိမိ၏ အတွေးအခေါ်ကို ပြသော သင်္ခဏ်းစာများဖြစ်လေသည်။ ထို့ကြောင့် ကျောင်းတွင် (Trial) အစမ်းရေးသော “အစမ်းစာ” ဟူ၍ ဆိုသော် ဆိုနိုင်ပေသည်။

သရုပ်ခွဲသော်
▄▄▄▄▄▄▄
မြန်မာစာစီစာကုံးသည် အင်္ဂလိပ်စာစီစာကုံးကိုမှီကာ ပေါ်ပေါက်လာသည့်အတိုင်း စာစီစာကုံး အမျိုးအမည်များကို ပိုင်းခြားရာ၌ -
၁။ အကြောင်းအရာဖော်ပြသည့် စာစီစာကုံး (Narrative Essays)
၂။ သရုပ်ဖော် စာစီစာကုံး (Descriptive Essays)
၃။ ချဲ့ထွင်ဖော်ထုတ်ပြသည့် စာစီစာကုံး (Expository Essays)
၎။ အတွေးအခေါ်တင်ပြသည့် စာစီစာကုံး (Reflective Essays)
၅။ စိတ်ကူးယဉ်စာစီစာကုံး (Imaginative Essays) ဟူ၍ ခွဲခြားတွေ့ရှိရပေသည်။

မျက်လှည့်ဆရာ၏ ဖန်မီးအိမ် စာစီစာကုံးရေးနည်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
(Essay Writing) မှတပါး စာပန်းချီဖွဲ့နည်း (ဝါ) သရုပ်ဖော်စာစီစာကုံးနည်း (Descriptive Writing) ဟူ၍လည်း ကဏ္ဍခွဲခြားရှိလေသည်။ စာပန်းချီ၏ သရုပ်သဘောမှာ ဥာဏ်မျက်စိ မနော၌ ရုပ်ပုံကား ထင်လာစေရန် စီကုံးနှုန်းဖွဲ့ခြင်းမျိုး ဖြစ်သည်။ ထိုစိတ်ကူးဥာဏ်ပန်းချီကားသည် သာမန် မံသစက္ခုဖြင့် ကြည့်ရသော ပစ္စည်းမျိုးမဟုတ်၊ ဥာဏ်မျက်စိမနောဓာတ်ဖြင့် ကြည့်ရသော ပစ္စည်းမျှဖြစ်သည်။ မျက်လှည့်ဆရာ၏ ဖန်မီးအိမ်ကြောင့် မြင်တွေ့ရသော ရှုခင်းများကဲ့သို့ပင် ရှိသည်။ စာပန်းချီကားကို နေ့ခင်းအလင်းရောင်တွင် ရှုကြည့်ရသည်ထက် အမှောင်ခန်းတစ်ခုအတွင်း ရှုကြည့်ရခြင်း သည် ပို၍ ထင်ရှားစေသည်။ ထို့ကြောင့် စာပန်းချီဖွဲ့ဆိုရာတွင် အသေးစိတ်မြင်တတ်ရမည်။ သာမန်မြင်တတ်ရုံမျှဖြင့် စာပန်းချီသမား မဖြစ်နိုင်ချေ။ ကြည့်တတ်မြင်တတ်အောင်လည်း လေ့ကျင့်ရပေမည်။

စာပန်းချီသည် ဓာတ်ပုံမဟုတ်
ယင်း သို့ ကြည့်တတ်မြင်တတ်၍ တွေ့တွေ့သမျှ အားလုံးကိုလည်း စာဖွဲ့ရမည်မဆိုလိုချေ။ ထိုသို့တွေ့သမျှအားလုံး ပုံချရေးပါက ရှည်လျားငြီးငွေ့ဘွယ် ဖြစ်တတ်သည်။ ထို့ကြောင့် အသေးစိတ် တွေ့သမျှတို့မှ ရွေးချယ် ၍ တဖန်စီစစ်ရပေမည်။ စီစစ်ရွေးချယ်ရာတွင်လည်း မိမိခြယ်မှုန်းမည့်စာပန်းချီ၏အကြောင်းအရာနှင့်ညီညွှတ်ရပေမည်။ မိမိရေးခြယ်သောစာပန်းချီသည် ဘဝ၏သရုပ်လက္ခဏာတို့နှင့်ပြည့်စုံရပေမည်။ မလိုသည်များကို ပယ်ထုတ်၍ လိုရင်းနှင့်အရေးကြီးသောအကြောင်းများကို ဖေါ်ထုတ်ရမည်။

တဖန်အနုပညာသည် ဓာတ်ပုံပညာနှင့်ခြားနားကြောင်း သတိထားရမည်။ အနုပညာသဘောဖြင့် စာဖွဲ့ရာ၌ ဓာတ်ပုံတွင် အသေးစိတ်ပါရှိသကဲ့သို့ တွေ့မြင်နိုင်မည်မဟုတ်ချေ။ စာပန်းချီဆရာသည် မလိုသောအသေးစိတ်အဖွဲ့ကို ချန်လှပ်၍ စာပန်းချီဆရာမြင်သကဲ့သို့ စာဖတ်သူမြင်တွေ့စေရန် စာပန်းချီဆရာတွေ့ထိခံစားရသကဲ့သို့ စာဖတ်သူတွေ့ထိခံစားစေနိုင်ရန် ရေးသားရပေမည်။ ဘဝသရုပ်ဖေါ်မှုစာပန်းချီရေးရာတွင် စာရေးရာတွင် စာရေးသူ၏ရွေးချယ်သော အကြောင်းရပ်သည် အဓိကအရေးကြီးလေသည်။

စာပန်းချီ အရေးကြီးသည်
စာပန်း ချီဖွဲ့ဆိုရာတွင် စကားရွေးချယ်မှုသည် အထူးအရေးကြီးလေသည်။ ထို့ကြောင့်အင်္ဂလိပ်စာပေ၌ စာပန်းချီကို (Word Picture) ဟုရေးလေသည်။ ပန်းချီသမားသည် စုတ်တံဖြင့် ဆေးရောင်စုံခြယ်ရေးသည့်နည်းတူ စာပေသမားသည်လည်း စကားလုံးရွေးချယ်မှု၌ အထူးအရေးကြီးပေသည်။

''သဒ္ဒါလင်္ကာရ''နှင့် ပြည့်စုံသောစကား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
''အတ္ထာလင်္ကာရ''နှင့်ပြည့်စုံသောစကားများဖြစ်စေရမည်။ မြန်မာစာပေတွင် ကဗျာဖြင့် စာပန်းချီဖွဲ့ဆိုကြသော ရတုဆရာများဖြစ်သည့် နဝဒေးကြီး၊ နတ်သျှင်နောင် မင်းဇေယျရန္တမိတ်၊ ရှင်သံခို၊ လက်ဝဲသုန္ဒရစသော သူတို့၏ရတုများကို လေ့ကျက်ပါက စာပန်းချီသဘောကို အလွယ်တကူ သိလာပေမည်။

ဥပမာ - ဥပစာတို့ဖြင့် လှိုင်လှိုင်ကြီးတင်စားဖွဲ့ဆိုတတ်ရပေမည်။ မရှင်း-မရှင်း မပြတ်မသား ကွေ့လည်ချောင်ပတ် မဖြစ်စေရ။ ဤအချက်ကို အထူးသတိရသင့်လှသည်။ စာပန်းချီဖွဲ့ရေးသား မှု များကို ယခုအခါ တက္ကသိုလ်များ အထူးလေ့လာစေလျက်ရှိသည်။ ထို့ကြောင့် စာစီစာကုံးရေးနည်း၏အင်္ဂါတရပ်ဖြစ်သော စာပန်းချီဖွဲ့နည်းကို ညွှန်ပြရခြင်းဖြစ်ပေသည်။ ''ပန်းလက်ဆောင်အစမ်းစာ''များတွင် စာပန်းချီ၏သဘော စီကုံးထားသောစာများ ပါရှိပေသည်။

ထို့ကြောင့် စာပန်းချီဖွဲ့ရာတွင် အချုပ်သဘောမှာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ အသေးစိတ်လေ့လာရှုကြည့်ပါ။
၂။ ထို့နောက် အရေးကြီးဆုံးအချက်များ စီစစ်ရွေးချယ်ပါ။
၃။ ယင်းသို့စီစစ်ရွေးချယ်ပြီးနောက် တင်ပြရေးသားမည့်အချက်များကို အစီအစဉ်ပြုလုပ်ပါ။
၎။ တိကျသောစကားများ ရွေးချယ်ကာ ဥပမာ-ဥပစာတို့ဖြင့် နှိုင်းခိုင်းပြီး ရှင်းရှင်းသန့်သန့်ကြည်
လင်ထင်ရှားသော စာပန်းချီသရုပ်ဖေါ်ကားအဖြစ် ရေးသားပါ။

အကြောင်းအရာ ဘယ်လိုရှာမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အခြား သော စာစီစာကုံးရေးသားရာတွင်လည်း စာပန်းချီဖွဲ့ပုံဖွဲ့နည်းများအတိုင်းပင်ရေးသားရမည်ဖြစ်သော်လည်း လိုအပ်သော အချက်များကို ထပ်လောင်း၍ ညွှန်ပြရပေမည်။ စာစီစာကုံးရေးရာတွင် အထူးအရေးကြီးဆုံး အကြောင်းတရပ်မှာ စီကုံးမည့်အကြောင်း အရာရွေးချယ်ခြင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စီကုံးရေးသားမည့်ကျောင်းသားသည် ကိုယ်သိထားသော အကြောင်းအရာများ ပြည့်စုံခြင်းမရှိသောကြောင့်သာဖြစ်သည်။ ကျောင်း သားများအဘို့ အတွေ့အကြုံဗဟုသုတ အကြားအမြင်နှင့်စာဖတ်မှုများ နည်းပါးသဖြင့် ရေးသား ရန် အကြောင်းအရာရှားပါးခြင်းဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံးလိုက်နာရမည့်အချက်သည် စာများများဖတ်ရမည်။ ရှုတတ်မြင်တတ်အောင် လေ့ကျင့်ရမည်။ စာဖတ်ရာတွင်လည်း ဝတ္ထုများကို အပျော်သက်သက်ဖတ်ရုံမျှဖြင့် မပြီးချေ။

ရာဇဝင်စာပေ ခရီးသွားမှတ်တမ်း အတ္ထုပ္ပတ္တိ စာ
တမ်းနှင့်လောကဓာတ်အကြောင်းစာများကိုပါ လေ့လာရမည်။ ရှုမြင်တတ်မှုမှာလည်း ပတ်ဝန်း ကျင်လောကကြီးမှ အသိဉာဏ်များကို ယူရမည်။ သွားရာလာရာ နားç မျက်စိဖွင့်ထားပြီးနောက်
ကိုယ်မသိသော အရာများကို မေးမြန်းပါ၊ မေးမြန်း၍ ရသမျှကိုမှတ်သား၍ လေ့လာလျက်ရှိသော
အကြောင်းတရပ်အပေါ်တွင် အဖေါ်အပေါင်းများနှင့် ဆွေးနွေးပါ။ ဤကား စာစီစာကုံးရေး
သားရန် ပထမပြင်ဆင်မှုတရပ်ပင် ဖြစ်ပေသည်။

လူလဲလေ လောကီသားပေမို့
ဒုတိယပြင်ဆင်မှုသည်ကား စာစီစာကုံးရေးရန် ပေးထားသော အကြောင်းအရာများ အနက် ကိုယ်နှစ်သက်ရာကို ရွေးချယ်မှုပင်ဖြစ်သည်။ စာစီစာကုံးရွေးချယ်မှုနှင့်စပ်လျဉ်း၍ မိမိ အနှစ်ခြိုက်ဆုံးအကြောင်းအရာကို လက်ဦးဆုံးရွေးချယ်ရမည်။ သို့သော် စာစီစာကုံးစစ်မည့်စာစစ်သူ ငြီးငွေ့လောက်စေမည့်အချက်များကိုလည်း သတိထားသင့်လှသည်။ ထို့ကြောင့်-
"O poor Examiner! O foolish candidates! who has be withched
you? will no one tell you that examiners are human, made of flesh and
blood like yourself that they can get tired, bored irritable and unfair?"
''အို-သနား ဘွယ်ကောင်းသော စာစစ်များ၊ အို နားမလည်ရှာသော စာဖြေသူများ၊ သင်တို့အား ဘယ်သူက ပြုစားထားလေဘိ၊ သင်တို့အား စာစစ်သူတို့သည် လူသားစင်စစ်ဖြစ်ကြောင်း၊သင်တို့ကဲ့သို့ သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်ကြောင်း၊ တဦးတယောက်မျှ မပြောတုံလော။ စာစစ်သူတို့သည် မောပန်းတတ်၏။ ငြီးငွေ့တတ်၏။ စိတ်ဆိုးတတ်၏။ ထို့ကြောင့် မျှတမှုမရှိဖြစ်တတ်လေသည်။''စသည်ဖြင့် စာစီစာကုံးရေးနည်းကျမ်းတစောင်၌ တွေ့ရှိရလေသည်။

ဤအချက်ကို ထောက်ထားပြီး ပူအိုက်သော နွေရာသီဥတု၌ ဖြေဆိုကြရသော ကျောင်းသားများ၏စာ စစ်ကြရသည့်ပုဂ္ဂိုလ်များ၏အရေးကို တွေးဆပြီးလျှင် ရေးသားမည့်အကြောင်းအရာ ရွေးချယ်ရာ၌ အထူးဂရုစိုက်ရပေမည်။ စာအုပ်တအုပ်တွင် ''မျိုးချစ်စိတ်''အကြောင်း စာစီစာကုံးဖတ်ရှုရာမှ နောက်တအုပ်တွင် ''ဆိပ်ကမ်းသာ''အကြောင်းရေးသည်။ စာစီစာကုံး ကူးပြောင်းဖတ်ရှုရလျှင် စာစစ်သူမနော၌ ကြည်နူးတတ်လေသည်။ အမှတ်ပေးစံနစ်တွင်လည်း ထူးခြားပိုမိုရတတ်လေသည်။ အကယ်တည့် ရေးသားပုံ စာဟန် သတ်ပုံ လွန်စွာမကောင်းသော်လည်းအခြားစာများဖတ်၍ ငြီးငွေ့နေရာမှာ တမျိုးတဖုံ ပြောင်းလဲတွေ့ရသောအခါ အရသာတမျိုးတွေ့ရသော စာစစ်သူသည် အာရုံတမျိုး ပြောင်းပြီး အမှတ်ပို၍ရတတ်ကြောင်း၊ ရေးသားထားလေသည်။ ဤသည်အချက်မှာ စာစစ်သူတိုင်း မဟုတ်ပါချေ။ မြန်မာပြည်၌ ကျင်းပသော စာမေးပွဲကြီးများတွင်ကား စံနစ်တကျ ညွှန်ကြားမှုများကြောင့် ဤသို့မမျှတမှုများ၊ ကင်းတန်သလောက်
ကင်း ရှင်းနိုင်ပေသည်။ သို့သော် စာဖြေသူများအား ဖြစ်တတ်ပျက်တတ်သော သဘောတရားကိုသာ သိအပ်စေပေသည်။ ထို့ကြောင့် ''လူတကာ သူသူ ငါငါ ရေးမည့်အကြောင်းကို ရှောင်ပါ''ဟူ၍ သတိပေးထားလေသည်။ သို့သော် ကိုယ်ပိုင်နိုင်သောအကြောင်းတရပ်ကိုကား ရှောင်လွဲမရေးသားရန် နှိုးဆော် အပ်ပေသည်။

စာစီစာကုံး ကောင်းအောင်
စာစီစာကုံး ရေးသေားသောအခါ လိုက်နာရမည့်စည်းကမ်းများ ရှိလေသည်။ ရှေးဦးစွာ ရွေးချယ်ထားသော အကြောင်းတရပ်ကို ရှင်းလင်းဖေါ်ပြရမည်။ အစçနိဒါန်းပင် ဖြစ်သည်။ ''အစကောင်းမှ အနှောင်း သေချာသည်''ဆိုသကဲ့သို့ နိဒါန်းရေးရာ၌ သတိထားရမည်။ အလွန်လွယ်ကူသော ''ခလုတ်ထိမှ အမိတ''ဆိုသောစကားကို အကျယ်ချဲ့၍ နိဒါန်းတွင် ရှင်းလင်းပြရန် မလိုချေ။ ''ကျွန်တော်၏ရည်ရွယ်ချက်''ဆိုပါက ဝေ့လည် ဝေ့လည်နှင့်မရေးရ၊ အမြန်လိုရင်းသို့ရောက်အောင် ဖေါ်ပြရမည်။

မိမိ ရေးသားမည့်အကြောင်းကို တွေးခေါ်ပြီးနောက် ရေးသားမည့်အချက်အလက်များကို ရှာဖွေရမည်။ ချက်ချင်းကောက်၍ မရေးသားပါနှင့်ဦး၊ ပဌမ စဉ်းစဉ်းစားစား ပြုပြီးမှသာ စ၍ရေးပါ။ မိမိဘာကို ဆက်၍ရေးရမည်ကို မသိဘဲ ရေးမိလျှင် အမှားတွေ့၍ အချိန်ကုန်တတ်သည်။ ထို့ကြောင့် ရေးသားမည့်အချက်နှင့်ဆိုင်ရာအကြောင်းများ စုဆောင်းရှာဖွေစဉ်းစားခြင်း၊ စီစစ် ရွေးချယ်ခြင်း၊ စံနစ်တကျ စီစဉ်ခြင်း၊ ပြုပြီးနောက် ပုံကြမ်းထုတ်ရပေမည်။ ပုံကြမ်းဆွဲပြီးလျှင် လိုသောအချက်များရှာ၍ ဖြည့်စွက်ရမည်။ အချက်အလက်ပြည့်စုံသောအခါ စာစီစာကုံးကို ရေးပါလေ။ သို့မှသာလျှင် ''စ-လယ်-ဆုံး''သုံးပါးလုံး ညီညွှတ်စွာ စာစီစာကုံး ဖြစ်လာပေမည်။

စာစီစာကုံးရေးသားသောအခါ အရေးကြီးသော စည်းမျဉ်းများရှိသေးသည်။ ပထမ အချက်မှာ စာရေးသောအခါ စာပိုဒ်များခွဲ၍ ရေးသားရမည်။ တလျှောက်ကြီး ဆက်၍ မရေးရ ရေးပါက ရှုပ်ထွေးပြီး ငြီးငွေ့ဘွယ် ဖြစ်သည်။ စာပိုဒ်ဖွဲ့ရာမှာလည်း စေ့စပ်သေချာရမည်။ ဆီလျော်သော အကြောင်းများကို ကဏ္ဍခြားပြီး စာပိုဒ်ဖွဲ့ရမည်။ ပုံကြမ်းရေးထားသည့်အတိုင်း စာပိုဒ်တခု နှင့်တခု အဆက်အစပ် ရှိစေရမည်။
တိုသောစာပိုဒ်များဖြင့် ပေါင်းစည်းရေးသားသော စာစီစာကုံးတွင် နိဒါန်း၊ ကိုယ်တွင်း ဖြည့် စာစီစာကုံးနှင့်နိဂုံး စ-လယ်-ဆုံးသုံးပါး ပြည့်စုံရမည်။ စာစီစာကုံး၏နိဒါန်းအကြောင်းကို အထက်၌လည်း ပြဆိုခဲ့ပေပြီ။ နိဒါန်းတွင် စာစီစာကုံးအကြောင်းအရာ၏အဓိပ္ပါယ်ကို ရှင်းလင်းဖေါ်ပြရမည်။ ပုံပြင်ဝတ္ထုအကျဉ်း၊ သာဓကဆောင်ပုဒ်၊ မိမိထင်မြင်ချက် စသည်တို့ကို ရေးသားရမည့်အကြောင်းနှင့်ဆီဆိုင်ရာများကို ရေးသားရမည်။
ကိုယ်တွင်း ဖြည့် စာစီစာကုံးမှာ နိဒါန်း၊ အိမ်ရှေ့တံခါးကြီးမှ ဝင်ရောက်လာသောအိမ်မကြီးပင် ဖြစ်သည်။ နိဂုံးသည်ကား အိမ်နောက်မှ တံခါးပေါက်သဘွယ် ဖြစ်ပေသည်။ စာစီစာကုံးရာ၌ အပိုစကားများကိုရှောင်ရမည်။ စကားများ မထပ်စေရန် သတိထားရမည်၊ လိုရင်းထိမိစေ ရမည်။

နိဂုံးသည် နိဒါန်းကဲ့သို့ပင် စိတ်ဝင်စားဘွယ် ဖြစ်စေရမည်။ မစေ့စပ် မရေရာ အားနည်း နည်းချိနဲ့နဲ့ရေးသားသော နိဂုံးသည် စာစီစာကုံးကောင်း မဖြစ်နိုင်ချေ။

ကိုယ်ပိုင်စာတမ်း
စာစီစာကုံး ရေးသားရာတွင် စာဟန်လည်း လိုအပ်သောအချက်တရပ်ဖြစ်၏။ ရိုးရိုးသန့်သန့် ထိထိမိမိ တိကျသော စာဟန်သည် လေ့ကျင့်၍ယူကြရမည်။ သဘာဝအလျောက် ဤသို့စာဟန်မျိုးရရန် ခဲယဉ်းဘိသည်။
ရှင်းရှင်းရေး တတ်ရန်မှာ ရှင်းရှင်းတွေးခေါ်တတ်ရမည်။ မိမိပြောလိုသောအကြောင်း အရာကို ရှင်းရှင်းသိမြင်က တိကျပြတ်သားရှင်းလင်းစွာ ရေးနိုင်သည်။ ပထမရှေးဦးစွာ ဂရုပြုရ မည့်အချက်သည်ကား စုတ်ချက်မနိုင်သေးမီကာလ ကောက်ကြောင်းရိုးရိုးပန်းချီလက်ရာကို လိုက်ရမည်။ ကနုတ်ပန်း၊ ခြူးပန်းခြူးနွယ်များကို လေ့လာ၍ မသင့်သေးချေ။ အဆင်တန်ဆာနှင့်စကားသွယ်ဝယ်မှုများကို ရှောင်ရမည်။ ကိုယ်ပိုင်စာဟန်ရှိပါစေ၊ တပါးသူရေးပြီး စာဟန်ကို မတုပါနှင့်၊တပါးသူ၏စာဟန်သည် မည်မျှအထက်တန်းကျစေကာမူ အတူတု၍ မပြုပါနှင့်။ မိမိပင်ကိုယ်သဘောကိုသာ ထုတ်ဖေါ်နိုင်ပါစေ။ သို့မှသာလျှင် စာစီစာကုံး ကောင်းမွန်ပေမည်။

အချုပ်သဘော
စာစီစာကုံးရေးနည်းအချုပ်သဘောမှာ-
၁။ ရေးသားမည့်အကြောင်းအရာကို ရှေးဦးစွာ ရှင်းရှင်းလင်းလင်း ကြံစည်စိတ်ကူးကြည့်ပါ။
၂။ တဖန် ကြံစည်တွေးတော၍ စိတ်ကူးဉာဏ်၌ အချက်အလက်များကို ပြည့်စုံအောင် ပြုပါ။
၃။ တွေးဆထားသော အချက်များကို ရုံးစည်းပြီး ဆိုင်ရာအချက်များကို စုပေါင်း၍ ကဏ္ဍခွဲခြား
ပါ။ မလိုသော အချက်များကို ရွေးနှုတ်ပစ်ပါ။
၎။ စီစစ်ရွေးချယ်ပြီး စီစဉ်အချက်များကို ပုံကြမ်းရေးပါ။
၅။ ပုံကြမ်းရေးဆွဲပြီး ဖြည့်တန်သည်များကို ဖြည့်စွက်ပါ။
၆။ စာပိုဒ်များ အသီးသီးခွဲခြားပြီး စာစီစာကုံးစတင်ရေးပါ။
၇။ စာစီစာကုံးတွင် နိဒါန်းç စာကိုယ်ç နိဂုံးစုံလင်အောင် ရေးသားပါ။
(က) နိဒါန်းကို စိတ်ဝင်စားဘွယ်ဖြစ်အောင် ရေးပါ။
(ခ) စာစီစာကုံး ဝမ်းတွင်းဖြည့်စာကိုယ်ကို မကျဉ်းမကျယ် ရေးပါ။
(ဂ) နိဂုံးကို ထိမိတိကျအောင် ရေးပါ။
၈။ ရေးသားပြီးသောအခါ တိုတိုတုတ်တုတ် ရှင်းလင်းပြတ်သားစွာ ကိုယ့်စာဟန်နှင့်ကိုယ် ရေးသားပါ။
အချက်အလက်များကို မှတ်သား၍ စာစီစာကုံးအနှုန်းအဖွဲ့ ဉာဏ်ထက်သန်အောင် လေ့ကျင့်သင့်ကြပေသည်။

စာစီစာကုံး ရေးရာတွင် မိမိတို့၏အတွေးအကြံ အထင်အမြင် အတွေ့အကြုံ ဖွယ်ဖွယ်ရာရာနှင့်စီကာပတ်ကုံး ဖြစ်အောင်၊ ရေးတတ်ဘို့လိုပေသည်။ ဤသို့သော အစမ်းစာများနှင့်ထပ် တူထပ်မျှ တသွေမတိမ်း ရေးရန်မလိုပေ။ ကိုရင်ဂျမ်း သို့မဟုတ် အခြားစာစီစာကုံးရေးသူတဦးဦး၏အတွေးအကြံ အထင်အမြင်သည် မိမိတို့နှင့်မည်သည့်အခါမှ တူနိုင်မည်မဟုတ်သည်ကို သတိမူရပေမည်။ လူတဦးနှင့်တဦးသည် အမြင်ချင်း အတွေ့အကြုံချင်း မည်သည့်အခါမှ ပုံစံတူမကျနိုင်သည်ကို အထူးဂရုပြုရပေမည်။ သို့ဖြစ်ရာ အစမ်းစာများ ရေးသားရာ၌ မိမိမည်သို့တွေးသည်၊ မည်သို့မြင်သည်များကိုစီကုံးနှုန်းရမည် ဖြစ်ကြောင်း သတိပြုကြရမည်။

(ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ၏ မြန်မာစာတက္ကသိုလ် စာအုပ်မှ ကူးယူဖော်ပြပါသည်။)

         ကျွန်​​တော့်​ဆီလာလည်​ချင်​လျင်
         My Facebook

No comments:

Post a Comment

astro privacy policy